ချီလီမှာ မီးတောင် ပေါက်ကွဲ

ဓာတ်ပုံ ရင်းမြစ်, AFP
ချီလီ နိုင်ငံ တောင်ပိုင်းမှာ ရှိတဲ့ Calbuco ကယ်လ်ဘူကို မီးတောင်ဟာ နာရီ အနည်းငယ် အတွင်းမှာ နှစ်ကြိမ်ဆက် ပေါက်ကွဲ ခဲ့ပြီး ပြာနဲ့ မီးခိုးတွေ အမြင့် ကီလိုမီတာ အတော်များများ အထိ ပန်းထွက် နေတဲ့ အတွက် အနီရောင် အဆင့် အရေးပေါ် ကြေညာချက်ကို ထုတ်ပြန် ထားရပါတယ်။
အဲဒီ ကယ်လ်ဘူကို မီးတောင်ဟာ နှစ်ပေါင်း ၄၀ ကျော် အတွင်း ပထမဆုံး အကြိမ် ပြန်လည် ပေါက်ကွဲတာ ဖြစ်ပြီး မီးတောင်ရဲ့ ကီလိုမီတာ ၂၀ အတွင်းက လူပေါင်း ၄၀၀၀ ကျော်ကို ဘေးကင်းရာ ပြောင်းရွှေ့ ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မီးတောင် အနီးမှာ ရှိတဲ့ Puerto Montt မြို့ပေါ်မှာလည်း မီးခိုး ပြာတွေနဲ့ ဖုံးအုပ်နေပြီး ဒေသခံတွေ အလွန် တုန်လှုပ် ကြောက်ရွံ့နေကြတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
ကယ်လ်ဘူကို မီးတောင်နဲ့ ကီလိုမီတာ ၁၀၀ လောက် ဝေးတဲ့ အိမ်နီးချင်း အာဂျင်တီးနား နိုင်ငံက Bariloche မြို့မှာလည်း မီးခိုးလုံးတွေ ရောက်လာ နိုင်တဲ့အတွက် အရေးပေါ် အစီအစဉ်တွေ အသင့်ပြင် ထားတယ်လို့ သိရပါတယ်။
လောလောဆယ် မီးတောင်ကနေ ပေါက်ကွဲ ထွက်လာတဲ့ ကျောက်တုံးစတွေနဲ့ ချော်ရည်တွေကိုတော့ မတွေ့ရသေးဘဲ မီးခိုးပြာမှုန့်တွေသာ ပြန့်ကျဲနေပေမယ့် နှင်းခဲတွေ အရည်ပျော်ပြီး ဒေသတွင်းက မြစ်တွေ ရေလျှံ လာနိုင်တယ်လို့လည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။
ချီလီနိုင်ငံဟာ အင်ဒိုနီးရှားပြီးရင် ဒုတိယ အကြီးဆုံး မီးတောင်တန်းတွေ ရှိတဲ့ ဒေသဖြစ်ပြီး Calbuco မီးတောင် နောက်ဆုံး ပေါက်ကွဲခဲ့တာ ၁၉၇၂ ခုနှစ်မှာ ဖြစ်ပါတယ်။
















