ရုပ်မြင်သံကြား တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်နေတုန်း သေနတ်နဲ့ပစ်သတ်

ဓာတ်ပုံ ရင်းမြစ်, WDBJ7
အမေရိကန်နိုင်ငံ ဗာဂျီးနီးယား ပြည်နယ်မှာ တီဗီ ရုပ်မြင်သံကြား တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်နေစဉ်မှာပဲ သေနတ်သမားက ဝင်ရောက်ပစ်ခတ်လို့ သတင်းထောက် နှစ်ဦး သေဆုံးခဲ့ရပါတယ်။
တီဗီထဲမှာ သတင်းထောက် အမျိုးသမီး Alison Parker က ဖိတ်ခေါ်ထားတဲ့ ဧည့်သည်တယောက်နဲ့ စကားပြော ရယ်မောနေစဉ်မှာ သေနတ်သံတွေ ထွက်ပေါ်လာပါတယ်။
တခြား အင်တာဗျူးမယ့် သတင်းထောက်လည်း အလန့်တကြား အော်ဟစ်ကာ မြေကြီးပေါ်ကို ဝပ်ချ လိုက်ရပါတယ်။
သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် သတင်းထောက် အမျိုးသမီး Alison Parker နဲ့ သူ့ရဲ့ ကင်မရာ သမား Adam Ward တို့ သေဆုံးခဲ့ရပါတယ်။
လက်ထဲမှာ သေနတ် ကိုင်ထားပြီး အမဲရောင် ဝတ်စုံ ဝတ်ထားတဲ့ လူသတ်သမားဘက်ကို ကင်မရာက ဆက်လက် ရိုက်ထားနိုင်လိုက်ပါတယ်။
သေနတ်သမားဟာ အဲဒီမြင်ကွင်းထဲမှာ ဖြတ်လျှောက် ထွက်သွားတာကို တီဗီ ပေါ်မှာ တွေ့ရပါတယ်။
ပစ်ခတ်မှုတွေ ဖြစ်ပွားအပြီး ကားနဲ့ ထွက်ပြေးသွားတဲ့ သေနတ်သမားကို ရဲတွေ လိုက်ဖမ်းစဉ် နာရီပေါင်း အကြာမှာ သေနတ်သမား သူ့ကိုသူ သေနတ်နဲ့ ပစ်သတ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ရာမှာ အဲဒီက ရတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံမှာ သေနတ်သမား သေဆုံးသွားပြီလို့ ရဲတွေက ပြောပါတယ်။
ပစ်ခတ်သူဟာ အဲဒီ ABC သတင်းဌာန က ဝန်ထမ်းဟောင်း Vester Lee Flanagan ဖြစ်တယ် လို့လည်း သိရပါတယ်။
ဒါပေမယ့် ABC သတင်းဌာနကို Vester Lee Flanagan ပေးပို့ခဲ့တဲ့ Fax ထဲမှာတော့ ဒီပစ်ခတ်မှုဟာ ချာလ်စတန် ဘုရားကျောင်း ပစ်ခတ်မှုအပေါ် သူ့ရဲ့ တုန့်ပြန်ချက် ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။





















