ဟန်ဂေရီ ရွှေ့ပြောင်းနေထိုင်သူ တွေအပေါ် ဆက်ဆံပုံ ဩစတီးယား ဝေဖန်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဟန်ဂေရီ နိုင်ငံမှာ ရွှေ့ပြောင်း နေထိုင်သူတွေ အပေါ် ဆက်ဆံ ပုံတွေကို မြင်ရတာ သူ့အဖို့ ဥရောပရဲ့ အမှောင်ဆုံး နေ့ရက်တွေကို ပြန်အမှတ်ရ စေတယ်လို့ ဩစတီးယား ဝန်ကြီးချုပ်က ပြောပါတယ်။
ဩစတီးယား ဝန်ကြီးချုပ် ဝါနာ ဖေးမန်းက ဟန်ဂေရီရဲ့ မူဝါဒတွေနဲ့ ဒုတိယ ကမ္ဘာစစ်အတွင်းက နာဇီတွေ ဂျူးလူမျိုးတွေကို မောင်းထုတ်ခဲ့ပုံကို နှိုင်းယှဉ်ပြခဲ့ပါတယ်။
ဆက်လက်ပြီး ဥရောပ ကော်မရှင်ရဲ့ ဒုက္ခသည် မျှဝေ လက်ခံရေး အစီအစဉ်တွေကို ငြင်းဆန်တဲ့ နိုင်ငံတွေ အပေါ်မှာ ဘဏ္ဍာရေး ပိတ်ဆို့မှုတွေ လုပ်သွားဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။
ဆက်လက်ပြီး ဥရောပဆီကို လူတွေ အများအပြား ရွှေ့ပြောင်း ခိုဝင် လာတာတွေကို ရပ်တန့်ပေးဖို့ အတွက် EU အနေနဲ့လည်း ဆီးရီးယားနဲ့ အိမ်နီးချင်း နိုင်ငံတွေကို ယူရိုငွေ သန်း၃၀၀၀ လောက်ပေး သင့်တယ်လို့ ဆိုပါတယ်။ အဲဒီ ဘက်တွေကနေ လူပေါင်း ထောင်ပေါင်း များစွာဟာ ဟန်ဂေရီကို ဖြတ်ပြီး အနောက်နဲ့ မြောက်ပိုင်း ဥရောပ နိုင်ငံတွေဆီကို ခရီးနှင်နေကြတာ ဖြစ်ပါတယ်။
ဟန်ဂေရီက အင်္ဂါနေ့က စလို့ တရားမဝင် ဝင်ရောက် လာသူတွေကို ရာဇဝတ်သားတွေ အဖြစ် သတ်မှတ်ပြီး ဖမ်းဆီး အရေးယူသွားမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

















