အာဖဂန်မှာ အမေရိကန် တပ်ဖွဲ့တွေ ဆက်ထားမယ်

ဓာတ်ပုံ ရင်းမြစ်, AP
အာဖဂန် နစ္စတန် နိုင်ငံထဲမှာ အမေရိကန် ပြည်ထောင်စုရဲ့ တပ်ဖွဲ့တွေကို ၂၀၁၆ အလွန်အထိ တိုးမြှင့် ချထားသွားဖို့ စီစဉ် ထားတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
အဲဒီ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမားက မကြာမီမှာ ထုတ်ပြန် ပြောဆိုဖို့ ရှိပါတယ်။ သမ္မတ အိုဘားမား ရာထူးသက်တမ်း ကုန်ဆုံးတဲ့ ၂၀၁၇ ဇန်နဝါရီမှာ တပ်ဖွဲ့ဝင် အင်အား ၅ ထောင့် ၅ ရာကို အာဖဂန် နိုင်ငံအတွင်း ဆက်လက် ထားရှိသွားဖို့လည်း အဲဒီ အစီအစဉ်တွေထဲမှာ ပါဝင်လာဖွယ် ရှိပါတယ်။
မူလ အစီအစဉ်အရ လာမယ့်နှစ် ၂၀၁၆ အကုန်မှာ အာဖဂန် နိုင်ငံထဲက အမေရိကန် သံရုံး အစောင့် တပ်ဖွဲ့ဝင် အနည်းငယ်မှ အပ ကျန်တပ်ဖွဲ့ဝင်တွေ အားလုံးကို ရုပ်သိမ်းဖို့ စီစဉ် ထားတာပါ။
ဒါပေမယ့် အာဖဂန် နိုင်ငံထဲမှာ တာလီဘန်တွေရဲ့ ခြိမ်းခြောက်မှု ကြီးထွား လာတာကြောင့် အမေရိကန် တပ်ဖွဲ့တွေ ပိုမို ချထားဖို့ လိုနေတယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။
အခု လက်ရှိ အာဖဂန် ထဲမှာ အမေရိကန် တပ်သား ၉ ထောင့် ၈ ရာ ရှိပါတယ်။ အာဖဂန်ရောက် အမေရိကန် တပ်မှူး တစ်ယောက်က ၂၀၁၆ အလွန်အထိ တပ်ဖွဲ့တွေ ဆက်လက် ထားရှိသွားမှ ဖြစ်လိမ့်မယ်လို့ ပြီးခဲ့တဲ့ အပတ်က ပြောခဲ့ပါတယ်။

















