အီရန်မှာ ပြုပြင်ရေးသမားတွေ အနိုင်ရ

ဓာတ်ပုံ ရင်းမြစ်, AFP
အီရန်မှာသောကြာနေ့ကလုပ်ခဲ့တဲ့ရွေးကောက်ပွဲနှစ်ရပ်မှာလူသန်းချီမဲပေးကြပြီး ၉၀ရာနှုန်းလောက်ရေတွက်အပြီးမှာတော့ တီဟီရန်မှာ ပြုပြင်ပြောင်းလဲရေးဝါဒီတွေအနိုင်ရနေပါတယ်။
အလယ်အလတ်ရှေးရိုးစွဲဖြစ်တဲ့ သမ္မတဟောင်း Hashemi Rafsanjani နဲ့ သမ္မတရိုဟာနီ တို့ဟာ ဝါရင့်ဘာသာရေးခေါင်းဆောင်တွေပါဝင်တဲ့ပညာရှင်အဖွဲ့မှာမဲအများဆုံးရနေပါတယ်။
အီရန်ကိုရောက်နေတဲ့ဆွစ်ဇာလန် သမ္မတနဲ့ပူးတွဲသတင်းစာရှင်းရာမှာသမ္မတ ရိုဟာနီက တိုင်းပြည်မှာအခုလို အလွန်အရေးပါတဲ့ရွေးကောင်ပွဲတွေလုပ်နေတုန်းလာရောက်တာကိုဝမ်းသာကြိုဆိုကြောင်းနဲ့လူထုကလည်းအားတက်သရောပါဝင်မဲပေးကြလို့အချိန်တိုးပြီးလုပ်ရကြောင်းရွေးကောက်ပွဲအောင်မြင်မှုကိုချီးကျူသွားပါတယ်။
အခုလိုပညာရှင်အဖွဲ့မှာသဘောထားပြော့ပြောင်းလာသူတွေပါတာဟာ တင်းမာသူတွေအတွက် အထိနာစေတယ်လို့ ဘီဘီစီပါရှန်ဌာနမှာ Kasra Naji ကပြောပါတယ်။
ကောင်စီက နာမယ်အကြီးဆုံး၂ယေက်အရွေးမခံရသလို နောက်တယောက်ကလည်းအောက်ဆုံးမှာရောက်နေပါတယ်။
ဒီကောင်စီရဲ့ လက်ရှိဥက္ကဌ Ayatollah Mohammad Yazdi ရဲ့အခြေအနေမကောင်းတာက ထိတ်လန့်စရာအကောင်းဆုံးဖြစ်ပါတယ်။
အမာခံတွေထဲက ထိပ်တန်းအတွေးအခေါ်သမား နောက်တယောက်လည်း အရွေးမခံရပါဘူး။
နောက်တခါ တီဟီရန်မှာပါလီမန်အမတ်အများစု နေရာကို ပြုပြင်ရေးသမားတွေနိုင်တာကလည်းထူးခြားပါတယ်။
ပါလီမန်ရဲ့နိုင်ငံရေးဦးတည်ချက်ကို ဒီအမတ်တွေက ဆုံးဖြတ်လေ့ရှိတယ်လို့အကဲခတ်တွေကပြောပါတယ်။
မြို့တော်အပြင်ဘက် မဲဆန္ဒနယ်တွေမှာတော့ပြုပြင်ရေးသမားတွေရဲ့အခြေအနေ အကောင်းကြီးမဟုတ်လှပါဘူး။
တခုသေချာတာကတော့ သဘောထားအလယ်အလတ်ရှိသူတွေသိသိသာသာနိုင်နေတာတွေ့ရပါတယ်။
အနောက်နိုင်ငံကို ဆန့်ကျင်တဲ့သဘောထားတင်းမာသူတွေဘက်က အများကြီးအထိနာပါတယ်။
ဒီတော့ အီရန်ဟာ မူဝါဒရေးရာရော ဦးတည်တဲ့လမ်းကြောင်းပါပြောင်းမယ့်သဘောမြင်တွေ့ရပါတယ်။





















