ဘရပ်ဆဲလ်တိုက်ခိုက်မှု လက်သည် စွဲချက်နဲ့ လူတစ်ယောက်ကို စပြီး ပုဒ်မတပ်တရားစွဲ

ဓာတ်ပုံ ရင်းမြစ်, PA
ပြီးခဲ့သီတင်းပတ် အင်္ဂါနေ့က ဖြစ်ပေါ်ခဲ့တဲ့ ဘရပ်ဆဲလ်စ် မြို့တော် အတိုက်အခိုက် ခံမှု နဲ့ ပတ်သက်ပြီး လူတစ်ယောက်ကို ပထမဦးဆုံး အကြိမ် စတင် ပုဒ်မတပ် တရားစွဲ လိုက်ပြီ ဖြစ်ပါတယ်။
ဖေဆဲလ် စီ အမည်ရှိတဲ့ သူကို အကြမ်းဖက် သတ်ဖြတ်မှု တွေ ကျူးလွန် ခဲ့မှု နဲ့ ဘယ်လ်ဂျီယံ အစိုးရရှေ့နေ တွေက ပုဒ်မတပ် တရားစွဲလိုက်တာ ဖြစ်ပါတယ်။
အဲဒီ့သူဟာ ဘရပ်ဆဲလ် နိုင်ငံတကာ လေဆိပ်ကို အသေခံ ဗုံးခွဲ ခဲ့သူ နှစ်ဦး အတူ တွဲပြီး လုံခြုံရေး ကင်မရာ တွေ ထဲ တွေ့ခဲ့ရသူလား ဆိုတာကိုတော့ အစိုးရ ရှေ့နေတွေက အတည်ပြု မပေး ခဲ့ပါဘူး။
အကြမ်းဖက် အုပ်စုထဲ ပါဝင် ပတ်သက်မှု နဲ့ တခြားသူ နှစ်ယောက်ကိုလည်း ပုဒ်မတပ် အရေးယူ ထားပါတယ်။
ဘရပ်ဆဲလ်စ် မြို့တော် အသေခံ ဗုံးခွဲမှု တွေ အတွင်း လူ ၃၁ ယောက် သေဆုံးခဲ့ရပါတယ်။
တခါ၊ ဗုံးခွဲ တိုက်ခိုက်မှု တွေ ကို ရှုတ်ချ ဆန့်ကျင်ကြောင်း ပြသဖို့ ဘရပ်ဆဲလ် မြို့တော် တဝှမ်း မတ်လ ၂၇ ရက် တနင်္ဂနွေ နေ့မှာ ချီတက် လှည့်လည် မှု တွေ ပြုလုပ်မယ့် အစီအစဉ် ရုပ်သိမ်း သွားပါတယ်။
ဦးဆောင် ဆော်ဩသူတွေ ကို ဘယ်လ်ဂျီယံ အာဏာပိုင်တွေ က ဆန္ဒပြ ချီတက်ပွဲ မပြုလုပ်ဖို့ တောင်းဆို ခဲ့တဲ့ နောက်ပိုင်း အခုလို အစီအစဉ် ကို ဖျက်သိမ်း လိုက်ကြတာပါ။
ချီတက် လှည့်လည်ပွဲ ပြုလုပ်ရင် လုံခြုံရေး အရ စိုးရိမ်ရပြီး၊ အခုလို အချိန်မှာ ရဲအင်အားကို အင်္ဂါနေ့ တိုက်ခိုက် ခံခဲ့ရမှု အပေါ် စုံစမ်း နေတာတွေ အတွက် အာရုံစိုက် သုံးစွဲဖို့ရာ ပိုမို ဆီလျော်လိမ့်မယ် ဆိုပြီး ဘယ်လ်ဂျီယံ ပြည်ထဲရေး ဝန်ကြီး ယန် ယန်ဘွန်းက ပြောပါတယ်။
အကြောက်တရားကို ဆန့်ကျင်ကြ ဆိုတဲ့ ကြွေးကျော်သံ နဲ့ ချီတက်ပွဲ ပြုလုပ်ဖို့ ဆော်ဩ ခဲ့ကြသူတွေ ဘက်ကလည်း နိုင်ငံသူ နိုင်ငံသားတွေရဲ့ လုံခြုံရေး အတွက် ပိုမို ဦးစားပေး ဆောင်ရွက်ရမယ် ဆိုတဲ့ အချက်အပေါ် သဘောတူ လက်ခံ ခဲ့တာ ဖြစ်ပါတယ်။





















