ဆီးရီးယားမြို့ ဒဲရ်အဇော မှာရှိတဲ့ ဆေးရုံဝင်းကိုIS တွေ တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, Reuters
ရေးသားခဲ့သည်။
ဆီးရီးယား နိုင်ငံက လာတဲ့ သတင်းတွေအရ အရှေ့ဘက်မြို့ ဒဲရ်အဇော မှာရှိတဲ့ ဆေးရုံဝင်းကို အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တိုက်ခိုက် ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုကြောင့် ဆီးရီးယား အစိုးရ အပေါ် လိုလားတဲ့ လက်နက်ကိုင်တွေ အယောက် ၂၀ ဝန်းကျင် သေဆုံး ခဲ့ရသလို၊ ဆေးဝန်ထမ်း တချို့ကိုလည်း IS တွေက ဓားစာခံ အဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ ဆီးရီးယား အရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။
ဒဲရ်အဇောမြို့ အယ်လ်-အာဆတ် ဆေးရုံ အပါအဝင် ဆေးရုံ ပတ်ဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ခဲ့ပြီး၊ မြို့ရဲ့ ထက်ဝက်ကျော် အစိတ်အပိုင်းတွေဟာ IS တွေ ထိန်းချုပ်မှုအောက် ကျရောက် နေတယ်လို့ ယုံကြည်ရပါတယ်။
အစိုးရက ထိန်းချုပ် ထားနိုင်ဆဲ နယ်မြေ တွေကိုလည်း IS တွေ ဝိုင်းဝန်း ပိတ်ဆို့ ထားတာ ၂ နှစ် ရှိနေပြီ ဖြစ်ပြီး အရပ်သား နှစ်သိန်း ဝန်းကျင် ပိတ်မိ နေပါတယ်။
















