နောက်ထပ် Chibok အမျိုးသမီး ကို ကယ်တင်နိုင်

နိုင်ဂျီးရီးယား နိုင်ငံ မြောက်ပိုင်း ဘော်နို ပြည်နယ်မှာ စစ်တပ်က နယ်မြေ ရှင်းလင်း တိုက်ခိုက်ခဲ့စဉ်အတွင်း ဘိုကို ဟာရမ် လက်နက်ကိုင်တွေ ပြန်ပေးဆွဲ ဖမ်းဆီးထားတဲ့ အမျိုးသမီး ကြီးငယ် တရာ နီးပါးလောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ နိုင်ဂျီးရီးယား စစ်တပ်က ပြောပါတယ်။
ပြန်လွတ်လာတဲ့ ဓါးစာခံတွေထဲမှာ ၂၀၁၄ခုနှစ်တုန်းက ချီဘော့ခ်မြို့ စာသင်ကျောင်းကနေ ပြန်ပေးဆွဲခံခဲ့ရတဲ့ ကျောင်းသူ နှစ်ရာကျော်ထဲက တဦးလည်း ပါဝင်ပါတယ်။
သူ့ကို Serah Luka လို့ အမည်ပေးထားပြီး သူဟာ ချီဘော့ခ် ကျောင်းသူတွေထဲက ဒုတိယမြောက် ပြန်လွတ်လာသူ ဖြစ်ပါတယ်။
ပထမ ပြန်လွတ်လာတဲ့ Amina Ali Nkeki ကတော့ သမ္မတ Muhammadu Buhari နဲ့ တွေ့ဖို့ မနေ့က အဘူဂျာမြို့တော်ကို လေယာဉ်နဲ့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ ရှင်းလင်း တိုက်ခိုက်မှုအတွင်း ဘိုကို ဟာရမ် လက်နက်ကိုင် ၃၅ဉီး သေဆုံးသွားတယ်လို့ နိုင်ဂျီးရီးယား စစ်ဘက်ဆိုင်ရာ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
















