ဖလူဂျာကို IS တွေ အသည်းအသန် ကာကွယ်နေ

ဓာတ်ပုံ ရင်းမြစ်, AFP
ဖလူဂျာမြို့သိမ်းစစ် ဆင်နွှဲနေတဲ့ အီရတ် အစိုးရတပ်တွေဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင်တွေရဲ့ အပြင်းအထန် ခုခံမှုတွေ၊ တန်ပြန် ထိုးစစ်တွေနဲ့ ကြုံတွေ့ နေရပါတယ်။
မြို့တော် ဘဂ္ဂဒက်ရဲ့ အနောက်ဘက် မိုင် ၃၀ ကျော် အကွာမှာ အခုလို တိုက်ပွဲတွေ ဖြစ်နေတာပါ။
ရှီအာ လက်နက်ကိုင်တွေရဲ့ ပူးပေါင်းကူညီမှုနဲ့ အီရတ် အစိုးရတပ်ဟာ ဖလူဂျာမြို့သိမ်းစစ် စတင်လာခဲ့တာ ၈ ရက် တိုင်တိုင် ရှိနေပြီ ဖြစ်ပြီး၊ မြို့ရှိရာဆီ တဖြည်းဖြည်း ထိုးဖောက် နိုင်ခဲ့ပေမယ့် တစ်မြို့လုံးကိုတော့ မပိတ်မိနိုင်ပဲ ဖြစ်နေပါတယ်။
နူအိုင်မီးယား ဆိုတဲ့ ဆင်ခြေဖုံး အရပ်မှာ ဒေသ စံတော်ချိန် လင်းအားကြီး အချိန် IS တွေဘက်က တန်ပြန် ထိုးစစ် အပြင်းအထန် တိုက်ခိုက် လာတာကို ပြန်လည် တွန်းလှန် နိုင်လိုက်တယ်လို့ အီရတ် အစိုးရတပ်က ပြောပါတယ်။
အီရတ် အစိုးရတပ်ရဲ့ ဖလူဂျာ မြို့သိမ်း ထိုးစစ်ဟာ အရှိန် လျော့ကျ သွားသယောင် တွေ့မြင် နေရတယ်လို့ တိုက်ပွဲတွေ အနီးမှာ ရှိနေခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

















