မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ် ပြန်ပြီ

ဓာတ်ပုံ ရင်းမြစ်, KIRILL KUDRYAVTSEV / AFP / Getty Images
မေလ ၄ ရက်နေ့ စနေနေ့ အစောပိုင်းမှာ မြောက်ကိုရီးယားဟာ တာတိုပစ် ဒုံးကျည် တချို့ စမ်းသပ် ပစ်လွှတ်ခဲ့တယ် လို့ တောင်ကိုရီးယားက လာတဲ့ သတင်းတွေက ဆိုပါတယ်။
မြောက်ကိုရီးယား အရှေ့ခြမ်း ဟိုဒို ကျွန်းဆွယ်ကနေ ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်က ပြောပါတယ်။
ဒီသတင်းသာ အတည်ပြုနိုင်ခဲ့ရင် ဒါဟာ ၂၀၁၇ နိုဝင်ဘာ တုန်းက တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည် စမ်းသပ် ပစ်လွှတ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် မြောက်ကိုရီးယားဟာ ဒုံးကျည် ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။
"နည်းဗျူဟာကျ ထိန်းချုပ်နိုင်တဲ့ လက်နက်" အသစ် တစ်ခုကို စမ်းသပ်ခဲ့တယ်လို့ အရင်လတုန်းကတော့ ပြုံယမ်းအစိုးရ က ပြောထားပါတယ်။
အခု သတင်းတွေ ထွက်နေတဲ့ လက်နက်စမ်းသပ်မှုဟာ ၂၀၁၉ ဖေဖော်ဝါရီ လတုန်းက ကျင်းပခဲ့ပြီး သဘောတူညီမှု တစ်စုံတစ်ရာ မရဘဲ အဆုံးသတ်ခဲ့ရတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တို့ ရဲ့ ထိပ်သီး ဆွေးနွေးပွဲ အပြီး ပထမဆုံး အကြိမ် အနေနဲ့ မြောက်ကိုရီးယား ဘက်က လက်နက် စမ်းသပ်ခဲ့တာလည်း ဖြစ်ပါတယ်။
သမ္မတ ထရမ့်ရဲ့ အပြောအရတော့ ကင်ဂျုံအွန်းရဲ့ ကမ်းလှမ်းချက်တွေက လက်ခံနိုင်စရာ မရှိလို့ ဟနွိုင်း ထိပ်သီးပွဲကနေ ထွက်ခဲ့ရတာလို့ ဆိုပါတယ်။
တာတိုပစ်ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်မှုဟာ မြောက်ကိုရီးယားက အာမခံထားတဲ့ တာဝေးနဲ့ နျူကလီးယား ဒုံးကျည်တွေ စမ်းသပ်မှု မလုပ်ဘူး ဆိုတဲ့ ကတိကဝတ်ကိုတော့ ချိုးဖောက်ရာ မရောက်ပါဘူး။
မြောက်ကိုရီးယား အနေနဲ့ သူ့ရဲ့ နျူကလီးယား စီမံကိန်း အစီအစဉ် တွေကို အလုံးစုံ ဖျက်သိမ်းပြီးမှသာ ဝါရှင်တန် အစိုးရက စီးပွားရေး ပိတ်ဆို့ အရေးယူမှု အားလုံးကို ရုပ်သိမ်းမယ် ဆိုပြီး အတင်းအကျပ် တောင်းဆိုနေတာကို မစ္စတာ ကင် အနေနဲ့ သည်းခံနိုင်မှု စွမ်းရည် ကုန်လာတဲ့ သဘောလို့တော့ ဘီဘီစီ သတင်းထောက် လော်ရာ ဘစ်ကာ က သုံးသပ်ပါတယ်။
မြောက်ကိုရီးယား ဘက်က အခု ပြန်လည် လှုပ်ရှားလာတဲ့ ဒုံးကျည် စမ်းသပ်မှုကို အမေရိကန်ဘက်က သိရှိပြီး လိုအပ်ရင် လိုအပ်သလို စောင့်ကြည့်နေတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ဆာရာ ဆန်းဒါ့စ် က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
မြောက်ကိုရီးယားဟာ ဒေသစံတော်ချိန် ၀၉:၀၆ (၀၀:၀၆ ဂရင်းနစ် စံတော်ချိန်) မှာ ဟိုဒို ကျွန်းဆွယ် အရှေ့ ကမ်းခြေ မြို့ ဝန်ဆန် အနီးကနေ အရှေ့မြောက်ဘက်ကို ဦးတည်ပြီးတော့ တာတိုပစ် ဒုံးကျည် အကြိမ်အရေအတွက် တချို့ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒုံးကျည်တွေဟာ ၄၅ မိုင်ကနေ ၁၂၅ မိုင် ကြား အထိ ရောက်ရှိခဲ့ပြီး ဂျပန်ပင်လယ်ထဲကို ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အရင်တုန်းကလည်း ဟိုဒိုမှာ ခရုစ်ဒုံးကျည်နဲ့ တာဝေးပစ် လက်နက်တွေ စမ်းသပ်ခဲ့ဖူးပါတယ်။
မြောက်ကိုရီးယား အစိုးရ သတင်းဌာန မြောက်ကိုရီးယား သတင်း အေဂျင်စီ (KCNA) ရဲ့ ကြေညာချက် အရ ဧပြီလတုန်းက စမ်းသပ်ခဲ့တဲ့ "နည်းဗျူဟာကျ ထိန်းချုပ်နိုင်တဲ့ လက်နက်" အသစ်ကိုတော့ ခေါင်းဆောင် မစ္စတာ ကင် ကိုယ်တိုင် ကြီးကြပ် စစ်ဆေး ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလက်နက် အသစ်က မတူကွဲပြားတဲ့ ပစ်မှတ်တွေကို နည်းလမ်း ပုံစံမျိုးစုံနဲ့ ပစ်ခတ် နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။
ဒါက အဲဒီလက်နက်ကို မြေပြင်၊ ရေပြင်နဲ့ ဝေဟင် နေရာမျိုးစုံကနေ ပစ်လွှတ်နိုင်တာကို ဆိုလိုတာလို့ ကျွမ်းကျင်သူတွေက ယူဆပါတယ်။
အဲဒီလက်နက်က ဒုံးကျည် ဖြစ်မလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒါပေမယ် ဒါဟာ တာတိုပစ် လက်နက် တစ်ခု ဖြစ်နိုင်တယ်လို့တော့ လေ့လာသူတွေက သဘောတူထားကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KCNA
မနှစ်တုန်းကတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက နျူကလီးယား စမ်းသပ်မှု တွေကို ရပ်တန့်မယ်၊ တိုက်ချင်းပစ် ဒုံးပျံတွေလည်း ထပ်လွှတ်တော့မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် နျူကလီးယား စမ်းသပ်တဲ့ လှုပ်ရှားမှု တွေကတော့ မြောက်ကိုရီးယားရဲ့ အဓိက နျူကလီးယား စခန်း တစ်ခုမှာ ဆက်ရှိနေတာကို အရင်လက ဖမ်းယူ ရရှိခဲ့တဲ့ ကောင်းကင် ဓာတ်ပုံတွေ အရ တွေ့ရပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားဟာ ရေဒီယို သတ္ထုကြွ လုပ်ငန်းစဉ်တွေ ပြန်လည် စတင်နေပြီ နျူကလီးယားဗုံး စမ်းသပ်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့ ထင်မြင် ယူဆချက်တွေ ပြန် ဖြစ်ပေါ်လာခဲ့ပါတယ်။
တာဝေးပစ်ဒုံးကျည်မှာ တပ်ဆင်နိုင်မယ့် အရွယ် ပမာဏ သေးငယ်တဲ့ နျူကလီးယား ဗုံး တစ်ခု စမ်းသပ်နေတယ်လို့ မြောက်ကိုရီးယားက အရင်တုန်းက ပြောခဲ့ဖူးပါတယ်။ ဒါ့အပြင် အမေရိကန်ပိုင်နက် အထိ ရောက်ရှိ စွမ်းနိုင်တဲ့ တာဝေးပစ် ဒုံးကျည်တွေလည်း တည်ဆောက်နေတယ်လို့ ဆိုထားပါတယ်။



















